သူငယ်ချင်းများ နှင့် ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါ ခင်ဗျာ.....ကျွန်တော် wathenkaunglay BLOG မှ လှိုက်လှဲစွာကြိုဆိုပါတယ် ....... လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ..................(wathenkaunglay)

ကဗျာ စာတိုလေး

နှလုံးသားရေး ဦးတည်ချက် ( ၄ ) ရပ်......... ရင်ခွင်တော် တည်ငြိမ်ရေး၊ ရင်ခုန်သံ အေးချမ်း သာယာရေးနှင့် အနမ်း ဥပဒေ စီုးမီုးရေး။ နှစ်ဦးသား ပြေလည် စည်းလုံး ညီညွတ်ရေး။ ခိုင်မာသည့် အသည်းပုံ အကြင်နာ အမြူတေသစ် ဖြစ်ပေါ်လာရေး။ ဖြစ်ပေါ်လာသည့် အသည်းပုံ အကြင်နာ အမြူတေသစ်နှင့် အညီ ခေတ်မီ တိုးတက် လှပသော တူနှစ်ကိုယ် တိုင်းပြည်တခု တည်ဆောက်ရေး ချစ်သူ့ သဘောထား။ အသပြာအားကိုး အန်ကယ်ဘိုးဘိုး အောက်ပိုင်းမြင် ၀ါဒီများအား ဆန့်ကျင်ကြ။ ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာ တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူ ကြာကူလီများအား…………………………..


အချစ်ဦး

အချစ်ဦးတဲ့
နှလုံးသားနှင့်ထုဆစ်
အသည်းကျောက်ဖျာထက်ကမ္ဗျည်းတင်
မြင်မြင်ချင်းလှခနဲ့
အသည်းလေးအေးသွားတယ်
ပါးပြင်ထက်ဖျတ်ခနဲ့
၇ှက်သွေးလေးလည်းဖြာမိတယ်
ရင်ဘတ်ထဲထပ်ခနဲ့
နှလုံးခုန်သံမြန်သွားတယ်
ဦးနှောက်ထဲဒိန်းခနဲ့
သွေးခုန်နှုန်းတွေပြင်းထန်တယ်
အသက်လေးရယ်က
တစ်ဆယ်ကျော်၇ှစ်နှစ်ပိုင်း
အ၇ိုင်းဆန်တဲ့စံပယ်ငုံ
နှိုင်းယှဉ်စရာမကုန်နိုင်လို့
အသက်ဆုံးတိုင်ရွယ်စူး
ဟန်မဆောင်ဖူးတဲ့နှလုံးသားနဲ့
ခေါင်းငုံ့၇င်း၇ှက်သွေးဖြာ
ဒါဟာအချစ်တဲ့လား..........။

ချစ်ခဲ့ဖူးတယ်


ချစ်ခဲ့ဖူးတယ်.......
စိတ်ဝယ်ရည်စူး
အချစ်ဦးဟု
ထုဆစ်ဖော်ကျူး
ကြုံးဝါးဖူးလည်း
အချစ် စူး သာ   စူးခဲ့ပါ၏....။
ပြောခဲ့ဖူးတယ်.......
ချစ်တဲ့စကား
အသည်းကြားမှ
စိမ့်ကျယိုထွက်
သွေးစက်အဖြစ်
ဘ၀သစ်မှာ  ရဲဖြာရစ်၏....။
သြော်.....
အချစ် စူးငယ်  ၊      စူးခဲ့ပါလည်း
ချစ်ဦးဟုသာ  ၊    မှတ်ယူပါ၏....။
သွေးစက်စကား   ၊   ပြောခဲ့ငြားလည်း
အမြဲတ သ   ၊   လွမ်းရပါ၏.......။       ။


*အမေတခြား သားတခြား*

အမေ တခြား သားတခြားနဲ့ 
ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာ
ပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ 
မျက်နှာသစ်နေတုန်းပဲလား အမေ။

အမေရေ…
ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာ
မျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။

အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့
သားအသက်တနှစ်ကြီးလာတိုင်း
အမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။

အမေရေ…
ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစား
အခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာ
လောကဓံတရားက အသာစီးနဲ့ 
အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။

အမေရေ…
စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့
ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ 
ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ 
မထင်မိခဲ့ဘူးအမေ။

အမေရယ်..
သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။
အနာဂတ်ကို တွေးမပူဘဲ တနေ့ တခါ နေပါတဲ့။

ဒါပေမယ့် အမေရယ်
အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလို
အတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့
စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။

ဒါနဲ့ အမေရေ..
မုသားတွေနဲ့ သီးသန့် ကာထားတဲ့
အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရော
အဆိုးတွေ ရေချိန်မြင့်
အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။

အမေရေ
လက်ဗလာ ကြယ်တွေ
မျက်နှာငယ်နေရတဲ့ ညထဲမှာ
သားဘဝလေး ကျကွဲသွားလို့ 
ခွန်အားသစ်တို့ ပို့ ပေးပါ။


အမေ.....ဘ၀မှာ  ဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီတိရ စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်.......
အမေပေးတဲ့ အသိလေးနဲ့ ကျွန်တော် လူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ
အပုပ်ကောင်ကို အရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
အဟံဝန္ဒာမိပါအမေ...........
အမေရေ....အမေအိုသောအခါထဲ က
''ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာပေါက်တယ်ဆိုတာကို မှတ်မိနေပြီး
မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်းဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"
တဲ့ ..ဒီစာဖတ်ပြီးမှကျွန်တော်အသိစိတ်တွေ နှိုးထလာခဲ့ ပြီထင်တယ်အမေ.....။

အမေ့ စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို ကျွန်တော်လိမ့်ချင်ရာလိမ့်ပြီး ၊
ပေပေတေတေနေခဲ့ မိတယ် အမေ ........။
လက်ချောင်းလိုညီညာမှုမရှိတဲ့ လူ့လောကထဲမှာ အပျံသင်စငှက်တစ်ကောင်လိုလည်း ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...
ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့ သေဖော်သေဖတ် ယမကာအရက်နဲ့လည်းအတူအိပ်ခဲ့ဘူးပါပြီအမေ...

အဲ့ဒီနောက်တော့............
အသိတစ်ချက် ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်းမဏ္ဍိုင်သစ်ကို အုတ်မြစ်ချနိုင်ခဲ့တယ်လေ
             
         သားသိလိုက်ပြီ အမေ (ဘ၀)ဆိုတာကို..........
အမေပေးတဲ့အသိလေးကို တစ်ကျော့ပြန်အဖန်ဖန် ပြန်ကျက်ပြီး (လု၊လူ၊လူး)လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပြီအမေ...။

အမေ ဟာ...နေ့ တိုင်းပဲ ကျွန်တော်တို့ အိမ်ပြန်လာကို..နေ့ တိုင်းနီးပါးစောင့်နေခဲ့ တယ်ဆိုတာ
ကျွန်တော်သိရပါပြိအမေ.......။
ကျွန်တော်တို့  ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန်
ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အမေ နြ့ ထမင်းလက်စုံစာြး့မယ်...ငယ်ဘ၀တွေပြောကြမယ်လို့ 
ကျွန်တော် ဆုံးဖြတ်ချက်  ချလိုက်မိပါတယ်အမေ..။
အချိန်တစ်ချိန်တော့ပြန်လာမှာပါအမေရယ်...ကျွန်တော်ကိုကျန်းမာရွှင်လန်းစွာ  အမေ စောင့် နေပေးပါ.....
နောင်တစ်ချိန် ကျွန်တော်လည်းအမေ လိုဖြစ်လာမှာပါ။အမေရဲ့ စိတ်စေတနာ ကိုကျွန်တော်ဖြည့်ဆည်းနိုင်ဖို့ 
မျှော်လင့်မိပါတယ်အမေ။

လူ့ဘ၀ထဲကိုခေါ်ဆောင်လာခဲ့တဲ့အမေရေ...........
သားတို့ လက်အုပ်မြင့်မိုးရှစ်ခိုးပူဇော်ကန်တော့လိုက်ပါ၏ ခင်ဗျား

.............
 မိဘတွေရဲ့ မေတ္တာ တရားကို ဘယ်အရာနှင့်မျှ နှိုင်းယှဉ်လိုမရပါဘူးခင်ဗျာ။
မိဘမေတ္တာ နှင့် ပတ်သက်ပြီး မာတုပေါသကသုတ်မှာလည်း ယခုလိုဖော်ပြထားပါတယ်။
သိရုနေ ဥန၀မ္မိကံ

ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်ကာ
မြင်းမိုရ်တောင်သည် မိဘမေတ္တာနှင့် နှိုင်းစာပါက
နွားချို ပမာဏသာရှိလေသည်။
သမုဒ္ဒေါ ပါတိကံ ယထာ

အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည်
မိဘမေတ္တာနှင့် နှိုင်းစားပါက မိုးရေတစ်စက်မျှလောက်သာ ဖြစ်ပေ၏။
ပထ၀ီ ဝေဠုကပတ္တံ

ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသော
မဟာပထ၀ီမြေကြီးသည် မိဘမေတ္တာနှင့် နှိုင်းယှဉ်လိုက်ပါက
ဝါးရွက်ငယ်တမျှသာ ရှိပေ၏။
ကမ္ဘာပေါ်ရှိ မိခင်များအားလုံး ကျန်းမာချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

အမေ အဖေတို့ နဲ့ အတူတူခုနှစ်ရက်သားသမီးများလည်း
ကျန်းမာချမ်းသာနိုင်ကြပါစေသော်

ချစ်သောသား 


 
ချစ်သူတွေရဲ့အိပ်မက်
ချစ်သူတွေရဲ့အိပ်မက်

ဒီလိုနေ့ရက်လေးမှာပေါ့

လွမ်းမောဖွယ်ပုံပြင်လေးနဲ့

လှပတဲ့ မြူနှင်း

မပျက်ပြယ်မှီ ဒီနံနက်ခင်းမှာ

HAPPY VALENTINE'S DAY

ပါချစ်သူလို့ဖွဖွနှုတ်ဆက်ရင်း

လက်ကြမ်းကြမ်းတွေကို

တင်းတင်းဆွဲကိုင်ကာ

ပန်းပွင့်တွေကြားနင်းဖြတ်လိုက်ချင်တာ

ရေမြေခြားသူနင့် အတွက်

ပန်းသီးနီနီ နဲ့ ဦးထုတ်တစ်လုံးကို

ငါမ၀ယ်ပေး နိုင်ခဲ့သလို

ငါ့အတွက် ချောကလက် နဲ့ ပန်းစည်းလှလှတွေ

နင်ပေးလို့လည်းမရ ...။

မိုးသားပြာပြာရဲ့

တမိုးအောက်မှာ

အတူရှိနေတယ်ဆိုတဲ့ အသိနဲ့

နှစ်သိမ့် အတွေး တွေးကာ

အလှဆုံးအပြုံးလို့

လေလှိုင်းတွေရဲ့ ကြားက

နင့်ကိုအချစ်ဆုံးလို့ပြောရင်း

ဒီနေ့လေးကို ကြိုဆိုလိုက်ချင်တယ်....။





အကြင်နာပန်းခင်း

 အကြင်နာပန်းခင်း

ရင်တွင်းအမြစ်တွယ်လည်း

မဖြစ်နိုင်ခြင်းက

ချစ်နိုင်ခြင်းကို အနိုင်ယူသွားခဲ့တယ်

ဘောင်ခြားနေတဲ့ နှုတ်ခမ်းကြောင့်

လုံခြည်အစိမ်း အကျီ င်္အဖြူနဲ့ ဘ၀မှာ

ငါချစ်တာ မသိတဲ့

ငါ့ ရဲ့ ငယ်ချစ်ဦး နင်ရယ်.........

ဝေဒနာ လမ်းခင်း

ပြန်ကာတွေးတွေးမိလည်း

အိပ်မပျော် နိုင်ခြင်း ည

အမြတ်နိုးဆုံးအရာကို ဆုံးရှုံးခဲ့ခြင်းကြောင့်

ပျော်စရာအနာဂါတ်တွေ မရှိတော့တဲ့ ဘ၀မှာ

ကြည်နူးစရာအိပ်မက်တွေ

မမက်လိုတော့ပါဘူး ငယ်ချစ်ဦးရယ်•••••။


ရင်ခုန်တတ်စမှာ

နင့်ကိုတွေ့ခဲ့ တာမဟုတ်ပေမယ့်

ငယ်ကကျွမ်းတဲ့
အချစ်ဦးလည်း မဟုတ်ခဲ့ဘူး

ဖရိုဖရဲ ငါ့ ဘ၀ကို

သပ်ရပ်စွာ တည်ဆောက် ပေးခဲ့တဲ့

ဗိသုကာ ဆရာမလေးရယ်

သေချာတဲ့စကားတခွန်း
ငါ့ရင်မှာ ဖြစ်တည်ခဲ့ တယ်လေ

နင်က ငါ့ရဲ့ နောက်ဆုံးအချစ်ပါပဲ

ငါ့ရဲ့အချစ်က နင်တယောက်ထဲစီမှာ
အဆုံးသတ်သွားခဲ့ပြီ....။


နင် နဲ့ ငါ
အဖြူရောင် ပန်းလေးကို
အတူတူ စိုက်ပျိုး ခဲ့ ကြတယ်

အချိန်တွေနဲ့အမျှပွင့် ဖူးလာတဲ့
ဒီ ပန်းဖြူဖြူ ကို

ငါ့ နှလုံးသားရဲ့
သွေးစက်ရဲရဲတွေက ဖိတ်စင်ကုန်လို့

ပန်းနုရောင် အသွင်လဲ ပြောင်းခဲ့ပြီ

ဒီ အချစ်ပန်းကို နင်ပန်ဆင်ဖို့...

ငါရင်ခုန်စွာနဲ့ကမ်းပေး လိုက်ပါတယ် ချစ်သူ....။


ဘာလိုလိုနဲ့ ချစ်သူများနေ့တောင် ရောက်နေပြီ…
ဘယ်သူနဲ့များ….နင်ဆင်နွဲနေလဲ…..
ပျော်ခဲ့ဘူးတဲ့ အတိတ်က အချိန်တွေကိုလည်း မေ့ပစ်
အချစ်သစ်နဲ့…မသိချင်ယောင်ဆောင်နေတဲ့..ချစ်သူ
နင့်ကိုငါ……သတိရဆဲပါ…
ချစ်သူစုံတွဲတွေ..ငါ့ရှေ့မှာ ပျော်မြူးစွာနဲ့…လက်ချင်းတွဲလျှောက်နေတယ်..
လုံးလုံးမသက်ဆိုင်တော့တဲ့ နင်နဲ့ငါ့ရဲ့အတိတ်ကို…ပြန်ဖော်ပေးနေသလိုပဲ
နာနာကျည်းကျည်းတစ်ချက်တွေးမိတယ်….
(၁၄)ရက်နေ့ဆိုတဲ့…နာမည်နဲ့လိုက်အောင်…ဒီနေ့..
ငါ့စိတ်တွေ လေးလံနေပြီ…….
Happy valentine Day တဲ့……… ငါဘာလို့မပျော်ရွှင်နိုင်တာလဲ
ပျော်ရွှင်မှုတွေဘယ်ရောက်နေတာလဲ……
ချစ်သူမရှိလို့…ပျော်ရွှင်မှုမရှိတာလား…
ဒါပေမယ့်…….တစ်ဖတ်သက်….အလွမ်းချည်းပဲ……
နင်ဘာလို့ပျော်နေရတာလဲ………..
ဒီလိုနေ့မျိုး…ဖက်ဖူးရောင်အလွမ်းနဲ့…….
ပန်းရောင်အနမ်းတွေကိုတောင်….ငါတမ်းတမိရဲ့…..
နေရာပေါ်င်းစုံက…..ချစ်သူစုံတွဲ အပေါ်င်းတို့…..
အဆုံးမရှိတဲ့ ကြေကွဲမှုရဲ့ အစက…ဒီလိုနေ့မှာပဲ
ငါဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့လေရဲ့…………..။
(၁)
အို...ချစ်သူ
နိုးထလိုက်ပါတော့
သင့်နှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်ဖို့ 
သင့်နားမှာ ကျွန်ုပ်ရောက်နေပြီ
(၂)
အို...ချစ်သူ
သင်သွားလိုရာသို့  သွားနိုင်ပါ၏
သို့ ကား ကျွန်ုပ်ကို
မထားခဲ့ပါနဲ့ 
သင့်၏ အရိပ်နေရာအား
ငါ့အားပေးပါတော့
(၃)
အို...ချစ်သူ
သင့်ကို မြတ်နိုးရပါသည်
ယုံကြည်ပါလော့
ငါသည် သင့်ကို
ငါ၏ ဘ၀လက်တွဲဖော်အဖြစ်
ရည်ရွယ်ထားပါသည်
(၄)
အို...ချစ်သူ
မှောင်ရီဖြိုးဖျ လမ်းကလေးတွေမှာ
သင့်လက်ကိုတွဲပြီး
ငါလျောက်ဖူးခဲ့ပါသည်
သို့ ကား
ငါသည်မတင်းတိမ်နိုင်
တစ်သက်တာအတွက်
ငါသည် သင်၏လက်ကလေးများကို
အလိုရှိနေပါသေးသည်
(၅)
အို...ချစ်သူ
မိုးရေစက်တို့ ကြားမှာ
သင့်အားနွေးထွေး ဖူးခဲ့ပါသည်
ချစ်သူ
ငါ၏အိပ်မက်တို့ အား
သင်သိမ်းပိုက်ခဲ့ပါသည်
ငါ့အား
သနားသဖြင့် သင်၏
ယုံကြည်မှာတွေကို အဆုံးစွန်
ပေးလှည့်ပါလော့....။။။။။။။။။။။။



** အချစ် ဆိုတဲ့ ငါ

 ** အချစ် ဆိုတဲ့ ငါ
ငါ့ရဲ. ဂီတ၊ ငါ့ရဲ. ၀ိညာဉ်၊ ငါ့ရဲ.လောက
ငါ့ကိုယ်ပိုင်သံစဉ်တွေနဲ.
ငါ့ဖာသာငါ အလုပ်ရှုပ်နေတာပါ
အရှုပ်လုပ်တာက လူတွေလေ
သူတို.ငါ့ကို ခုတုံးလုပ်ကြတယ် ။

** ငါ့ကြောင့် သူတို. ပျော်တယ် တဲ့
ငါ့ကြောင့် သူတို. ငိုတယ် တဲ့
ငါ့ကြောင့် သူတို. ပြည့်စုံတယ် တဲ့
ငါ့ကြောင့် သူတို. အသဲတွေ၊ နှလုံးတွေ၊ ဘာဘာညာညာတွေ
ဗြန်းဗြန်းကွဲ ဆိုဘဲ
ငါ့ကြောင့် .............
ငါ့ကြောင့် ..........
အယ်......... ပြောရက်လိုက်တာနော် ။

** အချစ် ဆိုတဲ့ ငါ
တန်ဖိုးထားရာ ကပ်နေမှာဘဲ
မင်းတို.လက်ခံထားသရွေ.လေ ။

** ငါ့မှာလေ အရောင်မရှိပါဘူးကွာ
ဝါစိမ်းနီပြာ ဖြူနီညိုချက်
မင်းတို.လက်နဲ. ဆေးရောင်ခြယ်
မင်းတို.အကြိုက် အလိုက်အထိုက်
ငါဝင်မိုက်မယ် ဒါဟာ ငါ့ရဲ. ပကတိ ။

** ငါဟာ အာရုံငါးပါးရဲ. မိတ်သဟာယ
ဒီတံခါးတွေ ပွင့်နေယင် မင်းတို.စိတ်ကို ငါနိုင်မယ်
ဒါကိုအပြစ် မပြောကြပါနဲ.
သူတို.တစ်တွေ အသိဥာဏ်တံခါး ဖွင့်လိုက်ယင်တော့
ငါလေ နဖားကြိုးထိုးခံရတဲ့ နွား
စေလိုရာသွားရတယ် ပြားပြားဝပ်တဲ့ ငါ ။

*** လာပြန်ပြီ ရယ်ရသကွဲ.
မြှားနတ်မောင်တဲ့
အဲ့ဒါ သူတို. ကိုယ်တိုင်ပါဘဲ
သူတို.ဖာသာ မသိခဲ့
မြှားနတ်မောင်သာ တကယ်ရှိခဲ့ယင်
မြှားမှန်သေတာ တွေ.ရပေအံ့ ။

** လူတွေ ပြောတာ ငါ တကယ်မသိပါ
လိုယင် ငါက အကောင်း
မလိုယင် ငါက အဆိုးပေါ့
ငါ့အကြောင်းသိတာလဲ သူတို.
ငါ့အကြောင်း မသိတာလဲ သူတို.
အို - လူသားအပေါင်းတို. ...........
အချစ်ကို စိတ်ညစ်အောင် မလုပ်ကြပါနဲ. !


လောဘကြီးတဲ့သူကို လက်ဆောင်ပေးပြီး
လိုချင်တာရအောင်ကြိုးစားပါ
မာန်မာနကြီးခက်ထန်တဲ့သူကို
လက်အုပ်ချီ အရိုအသေပေးပြီး
ကိုယ်လိုချင်တာ ယူတတ်ပါစေ
လူမိုက်ကို သူ့အလိုလိုက်
သူ့အကြိုက်ပေးပေါင်းပြီး
ကိုယ်လိုချင်တာ တောင်းပါ
ပညာရှိကိုတော့..
ဟုတ်မှန်သောစကားကိုဆိုပြီး
ကိုယ်လိုချင်တာ ရအောင်ယူပါ
ဒါပေမဲ့............တစ်ခု့တော့ရှိတယ်
ကိုယ်ဘာ လိုချင်တာလဲ
ကိုယ်လိုချင်တာဟာ ဆန္ဒနဲ့ဘဝ
ထပ်တူကျရဲ့လားဆိုတာ
အသေအချာ
ကြိုတင်စဉ်းစား ထားသင့်တယ်လို့
ငါထင်တာဘဲ သူငယ်ချင်း...................

တစ်ခါက ရေထမ်းသမား တစ်ဦးမှာ ရေအိုး နှစ်လုံးရှိသတဲ့။ ရေထမ်းသမားက အဲ့ဒီ
ရေအိုး နှစ်လုံးကို ထမ်းပိုး တစ်ဘက်တစ်ချက် ဆီမှာ ချိတ်ဆွဲပြီး
ရေထမ်းထွက်လေ့ ရှိတယ်။ ရေအိုး တစ်လုံးမှာ အက်ရာရှိနေပြီး ရေတွေ စိမ့်ကျ
ကျန်နေရစ်ခဲ့လို့ အဲ့ဒီ အိုးကလေးက ဘယ်တော့မှ ရေအပြည့်
သယ်မပေးနိုင်ရှာဘူး။ ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ် အနာအဆာ လုံးဝ
ကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။
အလွန်ဝေးတဲ့ ခရီး အတိုင်း ရေထမ်းသမား ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနဲ့
အိုးကလေးထဲက ရေဟာ အိုး တစ်ဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်က အမြဲ
လမ်းမှာ ယိုစိမ့် ကျန်နေရစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းမှာ ရေ တစ်ခေါက်
သယ်တိုင်း အိုးနှစ်လုံးစာ အပြည့် ဘယ်တော့မှ မရဘဲ ရေ တစ်အိုးနဲ့
တစ်ဝက်စာပဲ အမြဲ ရတာပေါ့။ ဒီလိုနဲ့ ရေထမ်းသမားက ရေ သယ်လာလိုက်တာ
နှစ်နှစ်တောင် ကြာလို့ နေခဲ့ပြီ။ အကောင်းပကတိ အတိုင်း ရှိနေတဲ့ အိုးကတော့
အမြဲ ရေအပြည့် သယ်ပေးနိုင်တဲ့ အတွက် သူ့ရဲ့ အပြစ်ကင်းမှု အပေါ်
ဂုဏ်ယူဝမ်းမြောက် နေတယ်။ အက်ရာနဲ့ အိုးကလေး ခမျာမှာတော့ သူ့ရဲ့ အပြစ်
အနာအဆာကြောင့် ရေထမ်းသမား ပင်ပန်းရကြိုး မနပ် ဖြစ်နေတာကို တွေးတွေးပြီး
ရှက်လို့ မဆုံး၊ ဝမ်းနည်းလို့ မဆုံး ဖြစ်နေရတယ်။ ရေထမ်းသမားက ရေအပြည့်
အမြဲ ဖြည့်ပြီး သယ်ခဲ့ပေမဲ့ သူက ရေကို တစ်ဝက်လောက်ပဲ အိမ်အရောက်
သယ်ပေးနိုင်ခဲ့တာကိုး။
အဲ့ဒီလို ခါးသီးတဲ့ ရှုံးနိမ့်မှု၊ သိမ်ငယ်မှုတွေကို နှစ်နှစ်လောက် ခါးစည်း
ခံခဲ့ပြီးတဲ့နောက်တော့ အက်ရာနဲ့ အိုးကလေး ဟာ ဆက်ပြီး သည်းမခံ
နိုင်တော့ဘူး။ တစ်နေ့တော့ မြစ်ဘေးနားမှာ ရေခပ် နေတဲ့ ရေထမ်းသမားကို
ဖွင့်ပြောလိုက်တယ်။
ကျွန်တော့်ရဲ့ အပြစ် အနာအဆာ အတွက် ခွင့်လွှတ် ပေးပါ ခင်ဗျာ။ ကျွန်တော့်မှာ
ရှိနေတဲ့ ဒီ အက်ရာ ကနေ ရေအမြဲ ယိုစိမ့်ပြီး ကျန်နေခဲ့လို့ သခင့်အတွက်
ရေကို အပြည့် ဘယ်တော့မှ ကျွန်တော် သယ်မပေးနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့
ချို့ယွင်းချက်ကြောင့် သခင့် လုပ်အားတွေ ဆုံးရှုံးရသလို ပိုပြီးတော့လဲ
ပင်ပန်းနေရတယ်။တာဝန်ကို ကျေပွန်အောင် မထမ်းနိုင်တဲ့ ကျွန်တော့်
အားနည်းချက်ကြောင့် သခင် ပင်ပန်းရကျိုး မနပ် ဖြစ်ရတာ စိတ်မကောင်း
ဖြစ်ရသလို အဲ့ဒီအတွက်လဲ ကိုယ့်ကိုကိုယ် ရှက်လှပါတယ်ခင်ဗျာ။
အဲ့ဒီစကားကို ကြားတော့ ရေထမ်းသမားက အက်နေတဲ့ အိုးကလေး နားလည်အောင် အခုလို
ရှင်းပြပါတယ်။
မင်းရဲ့ တစ်ခြားဘက် အခြမ်းမှာ မရှိဘဲ မင်းဘက် အခြမ်းမှာပဲ ရှိနေတဲ့
ပန်းပင်တွေကို လမ်းတစ်လျှောက်မှာ သတိ မထားမိဘူးလား။ ငါက မင်းရဲ့
အားနည်းချက်ကို သိတယ်။ ဒါကြောင့် မင်းဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေကို
ကျဲပြီး စိုက်ခဲ့တယ်။ အိမ်အပြန် လမ်းတစ်လျှောက်လုံး မင်းဆီက ကျတဲ့ ရေတွေက
အဲ့ဒီ ပန်းမျိုးစေ့တွေကို ရှင်သန်ကြီးထွား စေခဲ့တာပေါ့။ အခုဆို အဲ့ဒီ
ပန်းပင်လေးတွေက အပွင့်တွေ ပွင့်ပေးလို့ ငါ့ အိမ်အပြန်မှာ သူတို့ကို
ခူးခဲ့ပြီး ပန်းအိုး ထိုးလို့ ရနေပြီ။ မင်းရဲ့ အက်ရာသာ မရှိခဲ့ရင်
ငါ့အိမ်ကို အခုလို ကျက်သရေရှိပြီး လှပနေအောင် ဘယ်လို အလှ ဆင်နိုင်မလဲ။


ကျွန်တော်တို့ အားလုံးမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အက်ရာနဲ့
အိုးကလေး လိုပဲပေါ့။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ
တွေက ကျွန်တော်တို့ရဲ့ ဘဝတွေကို အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းအောင်
ဖန်တီး ပေးသလို ကိုယ့်ဘဝရဲ့ ဆုလာဘ်တွေလဲ ဖြစ်တယ်။ ဘယ်လို လူစားမျိုးပဲ
ဖြစ်ဖြစ် ကျွန်တော်တို့က ကောင်းကွက်လေးတွေကို မြင်တတ်ဖို့ လိုပါတယ်။
အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေကို မှန်မှန်ကန်ကန်
အသုံးချနိုင်အောင် တည့်ပေးလိုက်နိုင်ရင်တော့ ဒါတွေဟာ စိတ်ပျက်
အားငယ်စရာတွေ မဟုတ်တော့ဘဲ ဘဝရဲ့ ကောင်းချီးပေးမှုတွေ ဖြစ်လာမှာပါ။
နားလည်နိုင်ကြပါစေ

ကျောခိုင်းခံရတဲ့ လ

မသိလိုက်ပါဘဲနဲ့
ကျနော်ဖွာရှိုက်လိုက်တဲ့ စကားလုံးတွေအောက်
ကျနော့်နှလုံးသား သေမိန့်ကျသွားတယ်
ရဲရင့်လိုက်စမ်းပါဗျာ...
အားပေးတဲ့ အသံမှာတောင်
အဖျားခတ်တုန်ရီနေခဲ့တဲ့နောက်
နံနက်ဖြန်ဟာ (ထင်သလို) မတောက်ပတော့ဘူး။

ကျနော် ခင်ဗျားကို မချစ်ဘူး...။
တစ်လုံးစီတိုင်းမှာ
လင်း..... ရှ...... အက်..... ကွဲ
ကျနော် ကျေနပ်တယ်
ခင်ဗျားရဲ့ ငြင်းဆန်မှုမှာ
ကျနော့် နှလုံးခုန်သံတွေ ပို စည်းချက်ညီသွားခဲ့တာ...။

ခံစားချက်ကို တစ်ခုချင်း ကျနော် သီကုံးမယ်
စက္ကန့်တိုင်းကို ကျနော်ချစ်တယ်
မလိုအပ်ပါဘူးဗျာ
သကာရည်တွေ
မလိုအပ်ပါဘူးဗျာ
ပကာသနတွေ
ခင်ဗျားက ခင်ဗျား
ကျနော်က ကျနော်
တစ်လမ်းစီပေမယ့် ပန်းတိုင်ချင်းတော့ တူချင်တယ်။

ပူလွန်းတယ်
နွေရာသီက ခုမှ ရင်ဘတ်ထဲမှာ ခင်းကျင်းတာ
ထားရက်သွားမှတော့ လှည့်ကြည့်မနေပါနဲ့တော့
ကိုယ့်အတ္တကိုယ်ထမ်းပြီး
ခင်ဗျားရဲ့ လမ်းခွဲကို ကျနော် ရပ်ကြည့်မယ်။

( ဒီလိုပါပဲဗျာ )
( မသိစိတ်မှာတော့ )
ပြန်လာပါလို့ တိုးတိတ်တမ်းတ
နံနက်ဖြန်မှာ ခင်ဗျားအသံလေး
ကျနော် ဆက်ကြားနေချင်သေးတယ်
သစ်ရွက်ကလေးရယ်.......။

 

တိမ်တမန်

မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ
တောင်ပြန်လေ၊ တပ်လန့်နှိုး
နိုးကြွလာပြီလေ ....။

တဖြည်းဖြည်း လာချေပြီလေ
ပင်လယ်တွေ ဖြတ်သန်း
ရိုးမအပေါ် လွှားကျော်ကာပင်
သူ့ချစ်မိတ်ဆွေ၊ တို့မြန်မာနိုင်ငံပြည်
လက်ဆောင်ပါးခဲ့၊ မိုးပုလဲပန်းတွေ
ရွာပါစေလေ
အေးအေးချမ်းချမ်း ရွာပါစေ....။

ဆည်မြောင်းချောင်းကန်၊ ပြည့်လျှံတိုးအောင်
မိုးလုံးမည်းမျှ၊ မရွာစေချင်ပါပေ...။
ဆည်မြောင်းချောင်းကန်၊ အသင့်အမှန်ဖြိုးရန်
ပုလဲလုံး ရွဲအလှ၊ ရွာစေချင်ပါပေ...။
တို့ပြည်သည်ကား၊ ဆန်စပါး အသက်ပေ
တို့မြေသည်ကား၊ ဆန်စပါး အခက်ဝေ
မက်မပြေနိုင်သော၊ လယ်တောယာမြေ
ထွန်ယက်ပြုစု၊ ယုယအမြဲပေ
တိမ်တမန်အဆွေ
တို့များရွှင်လန်း ... ပုလဲပန်းကို ခြွေ........။


သူ ......။

ယုံချင်တယ်....။
ညနေစောင်းပေမယ့်
နေ၀င်ချိန်တွေ မစောခဲ့ဘူး...။

ကြာခဲ့ပါပြီ
နောက်ပြန်ကြည့်ရင် မနေ့ကလို
စိတ်ကူးယဉ်တယ်ပဲ ပြောပြော
အိပ်မက်တွေလို့ပဲ ဆိုဆို
တောင်ပြာတန်းတွေပေါ်
အချစ်အိမ်ကလေး ဆောက်ချင်တယ်
သူရယ် .... ကိုယ်ရယ်....။

( ဖြစ်ချင်တာသာ ပြောရရင် )
အလိုမကျမှုတွေနဲ့ စိတ်မညစ်ရပါလို
ကလေးရေ
( အဲ့ဒီလို )
ဆုတောင်းခြင်းများထဲ ပစ္စုပန်တွေ
အပွင့်ကြွေတယ်
( တကယ်ပါ )
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး
မျက်ရည်တွေ တာမကျိုးချင်ဘူး...။

စဉ်းစားပါကွယ်
အချိန်မလင့်ခင်
နေမပူခင်
ရော်ရွက်တွေလဲ မကြွေခင်
( ဒီတောင်ရိုးမှာ )
တိမ်ခိုးတွေလဲ မဝေခင်...။

..................................
..................................
ကလေးရယ်
ချစ်ခြင်းနဲ့ ပေါင်းစည်းခြင်းမှာ
ညီမျှခြင်းတွေ ထိုးမယ်ဆို
ဒီ သီအိုရီ
ကိုယ် မုန်းမိမယ်
အဖျားခတ်တုန်ရီတဲ့
စကားလုံးတွေအစား
ဆွံ့အမှုသာ အလိုရှိတယ်....။

ခိုင်မြဲပါရစေ
နံနက်ဖြန်တွေမှာ
သူ့နံရိုးဟာ ကိုယ်ပါလို့.....
ယုံချင်တယ်.............။ ။

သခွပ်ပွင့်လေးနဲ့ ကျနော်

အေးစက်စက်အငွေ့အသက်တွေ
ဖွင့်ဟ၀န်ခံရခက်တဲ့ မရိုးဖြောင့်ခြင်းတွေ
...............
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
အ၀င်ဆိုးလွန်းနေတယ်။

မနေ့ကလဲ ကျနော်တွေးတယ်
ဒီနေ့လဲ ကျနော် အဆုံးမသတ်သေးဘူး
ကြည့်လိုက်သမျှ ချစ်သူကလေးကိုသာ
ကျနော် မြင်တယ်။

ခက်တော့တာပဲ
ကျနော့်ကို ၀င်ဝင် တိုက်သွားကြတဲ့ ခလုတ်တွေ
(တကယ်ဆို ကျနော်က အနေသာကြီးပါ)
အခုတော့
လွင့်ဝဲလာတဲ့ မြောက်ပြန်လေတွေကြား
မြတ်နိုးမှုနဲ့ မလှန်ဘဲထားခဲ့တဲ့
ကျနော့်စာမျက်နှာကလေး
ပြိုတော့မလို ညိုနေတယ်
တဆိတ် ကျေးဇူးပြုပြီး
ကိုယ့်လမ်းကိုယ်သွားပါ ကိုယ့်လူရာ
ခင်ဗျားက ခင်ဗျား
ကျနော်က ကျနော်
ကိုယ့်ဦးတည်ရာနဲ့ ကိုယ်ပေါ့
(ပြောသာပြောရတာ စကားလုံးတွေက လေထဲမှာ ၀င့်လွဲကောင်းတုန်း။)

ဒီလိုနဲ့ပဲ
အားကြိုးမာန်တက် တင်းတင်းကျပ်ကျပ် ထိန်းနေတဲ့ကြားက
အခုထိ ကျနော့်မှာ ရုန့်ရင်းဆန်ခတ် ဖြစ်နေရတုန်း....
သူ့နှုတ်ခမ်းလေး တစ်ချက်စူတိုင်း
ကျနော့်သစ်ရွက်တွေက တစ်ဝေါဝေါ ကြွေနေကြရတုန်း...။

တကယ်ပါဗျာ
လမ်းကြုံတဲ့အခါ
ကျနော့်ပစ္စုပ္ပန်လေးကို
တိုးတိုးတိတ်တိတ် ပြောထားရဦးမယ်
ကျနော်....
သူ့ကို....
ဖြည်းဖြည်းကလေး ........
ချစ်နေချင်တယ်။ ။

သူငယ်ချင်းအားလုံးကို ငါ ချစ်တယ်

အရှေ့ဘက်ကောင်းကင်မှာ ရောင်နီတွေ တံခါးခေါက်ကုန်ပြီ
ထတော့ သူငယ်ချင်းရယ်
အိပ်စက်ခြင်းကို ခ၀ါချ
နံနက်ဖြန်တွေ ရောင်ဝါတောက်ဖို့
ငါတို့ နေ့တွေ အစွမ်းကုန် လင်းချင်းလိုက်ကြစို့။

ရွေ့လျားနေတဲ့ အတ္တခန္ဒာမှာ
ပရဟိတစိတ်တွေ ငါတို့ သယ်ဆောင်ကြမယ်
ငါလိုတဲ့အခါ နင်ရှိမယ်
နင်လိုတဲ့အခါ ငါ ဒီမှာ

မိုင်ထောင်ချီ ဝေးနေစမ်းပါစေ
စက္ကူပေါ်မှာ ငါတို့ နီးနီးလေးပဲ
ရင်ဘတ်ခြင်းတွေ တူညီတယ်
အပြုံးတွေ ဖလှယ်မယ်
သောက်နေကျ ကော်ဖီတစ်ခွက်ကို အတူမျှဝေ
လက်တွေကို ခိုင်အောင်တွဲ
ဒီမြေကြီးမှာ
ရည်မှန်းချက်တွေ ပျိုးကြဲလိုက်မယ်
လွတ်လပ်စွာ သီးပွင့်ဝေ ...။

အမှန်တကယ် လိုအပ်သော

ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်
တစ်ယောက်ကို တစ်ယောက်
လှောင်ချိုင့်ထဲ မထည့်ကြရင် ကောင်းမယ်

ချစ်တယ်ဆိုမှတော့
သူ့အတွက် ငါ
ငါ့ အတွက် သူ
တရားမျှတမှုတွေ ရှိသင့်တာပေါ့

အတ္တနဲ့မာနကို မလွှမ်းခြုံချင်စမ်းပါနဲ့ဟာ
ချစ်သူတွေဆိုတာ
ရိုးသားခြင်းကိုသာ ဆင်တူ ၀တ်ဆင်ရမှာ

လျှောက်နေရတဲ့ လမ်းကြမ်းတွေအတွက်
ခရီးသွားဖော်အဖြစ် အမြတ်တနိုးရွေးချယ်ထားခဲ့ပြီပဲ
နင် မှားလဲ ငါ ပြင်
ငါ မှားလဲ နင်ပြင် နဲ့
ကောင်းတူဆိုးဖက်
မိုင်တိုင်တွေကို ကျော်ဖြတ်ကြမယ်ဆိုရင်
နားထောင်ကြည့်လိုက်စမ်းပါ ဟယ်
ကောင်းကင်နဲ့ မြေကြီးကတောင် ပြောနေကြတယ်
ရိုးမြေကျ ပေါင်းရပါစေကွယ် .... တဲ့။

နှုတ်ဆက်ချိန်

အလင်းကို စမြင်ဖူးကတည်းက
ကျနော်တို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေ မမှိတ်ကြသေးပါဘူး
လက်တွေကတော့ အကြိမ်ကြိမ်ပြခဲ့ရပြီ။

ရင်ဘတ်ချင်းတွေ တူညီကြလို့
ကျနော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်
အကြောင်းတရားတွေကြားမှာ
အကျိုးတရားကို ကျနော်တို့ အတူဖွာရှိုက်ခဲ့ကြတယ်
မထင်ပါဘူး မေမေရယ်
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံနဲ့
ဝေးကြရပြန်ပြီ... တဲ့။

တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ်
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေ
ဝမ်းသာပါတယ်
ငြိမ်းချမ်းစွာသွားပါ .... လို့
ပြုံးပြီးပြောရတဲ့ အဖြစ်ကို ကျနော်စက်ဆုပ်တယ်။

ကျနော့်ကို ထားသွားတဲ့သူတွေနဲ့
ကျနော်က ထားခဲ့ရမယ့်သူတွေ
တကယ်ပါ မေမေ
စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။

ဟန်ဆောင်ငွေ့တွေ အူနေတဲ့
နှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ် မေမေ
နဂိုကတည်းက ပူတတ်လွန်းတဲ့ နွေရာသီမှာ
ဒီနေ့အပူဆုံးမို့
ကျနော် မပြုံးချင်တော့ဘူး
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကျတော့လဲ
ကျနော်က ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်
ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။

ဧည့်သည်

တကယ်ပါကွယ်
ငါ့မှာ ဘာမှမရှိပါဘူး။

မိုးတွေသည်းနေတဲ့ အဲ့ဒီ ညနေမှာ
ကိုယ့်အရိပ် ကိုယ်သယ်
ကိုယ့်ခန္ဒာ ကိုယ်ထမ်းပြီး
လောကခရီး စလျှောက်ရကတည်းက
ငါ့မှာ ဘာမှမရှိခဲ့တာပါ။

တကယ်ပါ
ငါ့မှာ ဘာမှမရှိပါဘူး
ဖြတ်သန်းခဲ့သမျှနဲ့
ရှေ့ဆက်လျှောက်နေဆဲ လမ်းတလျှောက်
ငါ တစ်ယောက်တည်းပါ။

ငါတစ်ယောက်တည်းဆိုမှတော့ကွယ်
အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ရှိချင်တော့တယ်
ထမ်းထားရတဲ့ အတ္တတွေ
လွယ်ထားရတဲ့ လောဘတွေ
ရွက်ထားရတဲ့ မာနတွေ
ခရီးသွား လားတစ်ကောင်တောင်
ငါ့ထက် ပေါ့ပါးပါလိမ့်ဦးမယ်။

ငါ့မှာ ဘာမှမရှိပါဘူးကွယ်
အရေခွံတွေခြုံ
သားမွေးတွေကို အပြိုင်ရုံထားကြတဲ့ အသိုင်းအ၀ိုင်းထဲ
ငါက ဘာမှမရှိတဲ့ အညတရ အမှုန်စတစ်ခုသာ
ရောက်လာသမျှတွေထဲ ပျော်ဝင်ဖို့လဲ ငါမတတ်နိုင်
ပိုင်ဆိုင်နေရသမျှ
မီးတစ်စလို ပူလွန်းရဲ့။

မပြောဘဲလဲ သိကြတဲ့နောက်
ငါ့ကို ခွဲခွါသူများ
ငါက ခွဲရမယ့်သူများ
မငိုကြပါနဲ့ကွယ်
လက်ပြရတဲ့တစ်နေ့
ငြိမ်းချမ်းစွာသွားပါ လို့ ဆုတောင်းကြရအောင်ပါ။

တစ်နေ့ပြီးတစ်နေ့ ကြွေကျတဲ့အခါ
ငါဆိုတာကိုပါ မြေကြီးအောက်မှာ ထားခဲ့ရမှာ
ဖိနပ်တစ်ဖက် ရေတစ်ဗူးတောင် ကိုင်ဆောင်ခွင့်မရှိမှတော့
ဘာတွေကိုများ....
( ........................... )

တကယ်ပါ
ငါ့မှာ ဘာမှမရှိပါဘူးကွယ်...။ ။

ကျနော်နဲ့ နေရာ

စပါးနှံတွေ မသီးပွင့်တဲ့
လယ်ကွင်းတွေ မရှိတဲ့
ဟီရိသြတပ နားမလည်တဲ့ အရပ်ဒေသက
ဇိမ်ခံပစ္စည်းတွေကြား
ပကာသန အငွေ့အသက်တွေ
ဟန်ဆောင်ပန်ဆောင် အသုံးအနှုန်းတွေ
ဝတ္တရားကျေ အပြုံးတွေ
ကျနော် လူမဖြစ်ချင်တော့ဘူး

အသက်မပါတဲ့ အစဉ်အလာတွေနဲ့
အေးစက်စက် ပွေ့ဖက်မှုတွေကြား
ကျနော်မပျော်ပါဘူးဗျာ
အိမ်ပြန်ရက်ကိုသာ လက်ချိုးရေနေခဲ့မိတာ

အများသူငါ အားကျနေတဲ့ နေရာမှာ
ခက်ခက်ခဲခဲ အသက်ရှူနေရတယ်
လူတစ်ချို့ ဂုဏ်ယူတတ်ကြတဲ့ အမိုးအကာအောက်
စားနေရတဲ့ ထမင်းလုတ်တောင်
ကျနော် မြိုမကျဘူး

ပကာသနနဲ့ လက်လက်ထနေတဲ့
အစွယ်ထွက်ဘီလူးတွေကြား
နံနက်ဖြန်အကြောင်းတွေးလိုက်မိတိုင်း
သက်ပြင်းမောနဲ့ကျနော်
နှစ်ကိုယ့်တစ်စိတ် ဖြစ်လို့...

ကိုယ့်နေရာမဟုတ်တဲ့ဒေသမှာ
သူတို့ပျော်နေတာ မြင်ရတော့
ဒေါင်းယောင်ဆောင်သော ကျီး ဥပမာကို
ကျနော် သတိရတယ်

မေမေ
တကယ်ဆို
ကျနော်တို့အရပ်မှာ
သဘာဝတွေ ပေါပါတယ်
လတ်ဆတ်ခြင်းတွေ လှိုင်လှိုင်ထရင်း
ရိုးသားဖြူစင်မှုတွေ ဆယ့်နှစ်ရာသီ အခိုင်လိုက် ပွင့်ကြတယ်
ပြောရင်းဆိုရင်းပါပဲ
မေမေရယ်
ကျေးတောနံ့ကို ကျနော် ချဉ်ချင်းတပ်မိတယ်

တကယ်ပါ မေမေ
မိဘဆိုတဲ့ ထမ်းပိုးသာ ကျနော့်ပခုံးထက် ရှိမနေခဲ့ရင်
ကျနော်ဆိုတာ
အမိမြေမှာသာ မြေကြီးဖြစ်ချင်ခဲ့တဲ့ကောင်။

ငါ့အတ္တ

ငါ ဦးသန့် ထက်
သူ့နိုင်ငံ သူ့လူမျိုးအတွက်
လူမိုက်လုပ်ခဲ့တဲ့ ဟစ်တလာ ကို
ပို သဘောကျတယ်....

ငါ သခင်အောင်ဆန်း ထက်
သူတို့လို မျိုးချစ်လူငယ်တွေကို
မွေးထုတ်ပေးခဲ့တဲ့
သခင် ကိုယ်တော်မှိုင်း ကို
ပို လေးစားတယ် ...

ငါ မင်္ဂလသုတ် ထက်
ကိုးခန်းပျို့ကို
ပို နှစ်သက်တယ်

ငါ လွန်းထားထား ၀တ္ထုတွေ ထက်
မြန်မာ့လူနေမှု ဘ၀ကို သရုပ်ဖော်တဲ့
တက္ကသိုလ် ဘုန်းနိုင် ၀တ္ထုတွေကို
ပို ကြိုက်တယ်

လူတွေအတွက်
ကိုးကွယ်ယုံကြည်ရာဟာ ဘုရားဆို
ငါ့အတွက်
အမေဟာ ဘုရား ..

သိဝိမင်းကြီးအတွက်
ဥမ္မာဒန္တ္တီဟာ အလှဆုံးဆိုရင်
ငါ့အတွက် ငါ့ချစ်သူက အလှဆုံး ...

ငါ လူအ တစ်ယောက်
ဒါပေမယ့် ငါ့ကိုယ်ငါ မြန်မာလို့ထုတ်ဖော်ပြောဖို.
ဘယ်တော့မှ မရှက်ဘူး...

ပိုးစားခံနေရသော ရင်ဘတ်တစ်စုံ

ပိတောက်တွေ မဖူးကြတော့တဲ့အကြောင်းက ရိုးရိုးလေးပါပဲ

ဝန်းကျင်မှာ အစိမ်းရောင်အစား အဆီပြန်အငွေ့အသက်တွေ

မှိုစော်နံ စက္ကူတွေ ပလူပျံနေခဲ့ပြီ

ဟိုနေ့က သင်္ကြန်အကြောင်းပြောကြတော့

သူငယ်ချင်းရယ် _______ ငါ ရင်နာတယ်....။

ငွေဖလား ... သပြေခက်နဲ့ မြို့မငြိမ်းသီချင်းတွေထက်

အတွင်းခံပေါ်ယဉ်ကျေးမှု၊ အရက်စော်နံ အငွေ့အသက်တွေ

ဒီခေတ်ကြီးမှာ မြန်မာဖြစ်ရတာ ငါ သိမ်ငယ်မိတယ် သူငယ်ချင်း

စောင့်လေမျိုးနွယ်ဆိုတာလောက်ကိုမှ

နားမလည်ကြတော့တဲ့ မိန်းမတွေ

အမျိုးကောင်းသားဆိုတာကို ရေးရေးမှ

မသိကြတော့တဲ့ ယောက်ျားတွေ

သူငယ်ချင်းရေ

နင်ပြောခဲ့သလိုပေါ့

ကမ္ဘာမပျက်ရင်တောင် မြန်မာပျက်တော့မယ်ကွာ

ဂုဏ်တော်ကိုးပါး မသိသူတွေ

ထေရ၀ါဒ မကြားဖူးသူတွေ

ပင်နီကို မမြင်ဖူးသူတွေ

ယဉ်ကျေးသိမ်မွေ့မှု ဆိုတာကို နားမလည်ကြတော့သူတွေ

သူငယ်ချင်းရယ် ____________ တွေးမိလေတိုင်း

(တော်ပြီဟာ .... ဆက်မရေးချင်တော့ဘူး)

မြန်မာပြည် အသက်ရှည်ပါစေ...။

ကိုယ်နဲ့ ပွဲတော်

တသသနဲ့ လွမ်းမောလိုက်ရတာ
ဘာနဲ့မှကို မတူဘူး
ကိုယ်မသိတဲ့ နွေဦးလေပွေထဲ
အတာရေတွေ စိုစွတ်နေတယ်
ပိတောက်ငွေ့တို့ လှိုင်လှိုင်ထချိန်
ဧပြီတွေ ခုန်ပေါက်နေကြတယ်

မေမေရေ
သူများတွေ ပြောနေကြတဲ့ သင်္ကြန်ဆိုတာ
ကျနော့်အတွက် ခွက်ပုန်းခုတ်နေချိန်နဲ့တူတယ်
ဘုံဆိုင်ထဲက မီးတောက်အရက်လို ရေရောမှ ဖြစ်မယ့်အမျိုး

ဘယ်သူမှ ဂရုပြုမိမှာ မဟုတ်ပါဘူး
ဒါပေမယ့်
ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သိနေရတာကိုက
ပဒိုင်းသီးကိုင်ထားရသလို
စုပ်လဲဆူး စားလဲရူးနဲ့

လောကတလင်းပြင်ထဲ
ရာသီချိန်မဟုတ်ပါဘဲ ပွင့်ဖို့ကြိုးစားနေမိတဲ့ ပန်းရိုင်းလို
ကျနော့်သစ်ရွက်တွေ တဝေါဝေါလှုတ်ခတ်
မေမေ့ရင်ခွင်ကို တခုတ်တရ လွမ်းတယ်...။

နေမထွက်သောနေ့

နံနက် အာရုဏ်ဦးပါ
အလင်းရောက်မလာခဲ့ဘူး

တရွေ့ရွေ့သွားနေတဲ့ စက္ကန့်တံနဲ့အတူ
မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေ ရှိတယ်
ငါ ရင့်ကျက်သင့်ပြီ

မေမေ
အမှားအယွင်းတွေထဲ
နာကျင်မှုနဲ့ ကျနော် ၀င်တိုက်မိလေတိုင်း
ကောင်းကင်တစ်ဖက်စွန်းက
မေမေ့ရင်ခွင်ကို အရှင်လတ်လတ် ငတ်မွတ်ရတယ်

မာယာဗလပွနဲ့
လောကတောနက်နက်ထဲ
ကျီးလန့်စာစား ဖြစ်နေရသမျှ
မေမေ
ကျနော် အိမ်ပြန်ချင်တယ်...။

မုယောပွင့်လေး မျက်နှာလွှဲချိန်

မွန်းကျပ်လိုက်တာ
လေထုထဲမှာများ အောက်ဆီဂျင်လျော့နည်းနေခဲ့လား
ရေနစ်သူလို မရေမရာ ဖမ်းဆုပ်မိသမျှ
ကိုယ့်အတ္တတွေပဲ ကိုယ် ပြန်ပြန်ရနေတယ်

နွေရေ
ငါ့ရင်ဘတ်တွေ ဟုန်းဟုန်းတောက်နေပြီကွာ
မစိုက်ပျိုးသင့်တဲ့ရာသီမှာ
ငါ တစ်ယောက်တည်း ထွန်းရေးငင်နေမိခဲ့တာ
ပျိုးကျဲမိသမျှထဲ
သူ့အမုန်းတွေပဲ သီးပွင့်လွန်းနေတယ်

တဆိတ် နွေရယ်
ခပ်ဝေးဝေးမှာ ပူစမ်းပါ
ဒီကောင့်ရင်တွေ လောင်မီးကျနေလို့။

တစ်စုံတစ်ခုရဲ့ နောက်ကွယ်က ကိုယ်...........

ကံကောင်းထောက်မလို့ ရှင်သန်ခွင့်ရနေတဲ့
နေ့တာတိုတိုတွေထဲ
၂၄နာရီလုံး အသက်ရှူကြပ်နေရတယ်

အဲ့ဒီ လူပြောများတဲ့ အဆိပ်ရည်ကို
မတော်တဆ ငတ်ကြီးကျ မြိုမိပြီးကာမှ
ဘယ်ဘက် ရင်ဘတ်တစ်ခြမ်းက မျက်တတ်တတ်နဲ့

ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ
ချစ်တတ်လွန်းခဲ့တာကိုက ကိုယ့်အမှားတစ်စွန်းတစ်စပဲ ဖြစ်ရမယ်

နေသာပါတယ်
ကျကျသွားတဲ့ ရှိစုမဲ့စု သိက္ခာတွေကို
လိုက်လိုက်ကောက်နေရတာနဲ့တင်
ကိုယ့်မှာ လူမှန်းသူမှန်းမသိဖြစ်ဖြစ်နေရတယ်

အပေါ်.. အောက်.. ဘေး
သုံးမျိုးသာ ရွေ့လို့ရတဲ့ ဒီဝလုံးထဲ
သုညကို အိတ်ကပ်ထဲထည့် ရိုးသားခြင်းနဲ့ ရှင်သန်မဟေ့လို့
ပြောပြောမိတဲ့ ကိုယ့်စကားတွေ ကိုယ့်ဟာကိုယ် ပြန်ပြီး
ထမ်းပိုးနေရတာလောက် ဘယ်အရာမှ လေးမယ်မထင်ဘူး

လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလို့ မြည်ရိုးမှ
မရှိခဲ့ဘဲကွယ်
ဖြစ်ပျက်ခဲ့သမျှထဲ ကိုယ့်ပါဝင်မှုတွေ
ရာခိုင်နှုန်း ဘယ်လောက်များခဲ့တယ်တဲ့လဲ

မြတ်မြတ်နိုးနိုးနဲ့ နက်ရှိုင်းခဲ့ပြီးကာမှ
ကိုယ် လွှင့်ပစ်ခံရဦးတော့မယ်တဲ့လား
အနေအထိုင်မတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ
ယဉ်ယဉ်ကျေးကျေး ပြန်ပြုံးပြလိုက်မိတယ်
နေသာပါရဲ့ကွယ်

တွေးပူမိလေတိုင်း
ချမိရတဲ့ သက်ပြင်းတွေ
တထိတ်ထိတ်ဖြစ်ရတဲ့ စိုးရွံ့ခြင်းတွေ
သူမုန်းမှာကို သေမလောက်ကြောက်မိရခြင်းတွေ
ကိုယ် ....................
ရင်ထဲမှာ.............
မ___ ကောင်း____ ဘူး။

ကိုယ်ဖြစ်ချင်တာသာ ဖြစ်ခွင့်ရမယ်ဆိုရင်
အဲ့ဒီ ခါးသက်ခြင်းကမ်းပါးက
အနက်ရောင် သံသယနယ်မြေထဲ
ကိုယ် စစ်ရေးမငင်ချင်ဘူး
သံခင်း တမန်ခင်းတွေ မလာခင်ကတည်းက
ကိုယ် အလံဖြူထူပါ့မယ်
လက်နက်ချ ချစ်ကြည်ရေးတွေထဲ
" နောက်တစ်ကြိမ် " ဆိုတာကို နဲနဲလောက်
ပြန်ရချင်တယ်

ဘယ်ဘက်ရင်တစ်ခြမ်းရယ်
လှုပ်ရှားမှုတွေကို တဆိတ် ရပ်တန့်ပေးပါလား
ငြိမ်သက်ခြင်းတွေထဲ ကိုယ်ခြေရာ ခန ဖျောက်ပါရစေ
အားလုံး ပြီးဆုံးသွားရင်တော့
နံနက်ဖြန်မှာ နေသာကောင်းပါရဲ့

ခုလောလောဆယ်
ကိုယ်အရေးတကြီး လုပ်စရာရှိနေတယ်
ချစ်သူအပေါ် ရိုးသားမှု ဘယ်လောက်ရှိလဲ
ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရဦးမယ်။ ။


Corpse Bride အားနှစ်သိမ့်ခြင်း 

ချစ်သူရေ…………………
ဒေသနာတရားတော်တွေ သံမှိုနှက်ထားတဲ့
ဟန်ဆောင်မျက်ရည်က တစ်ဘက်
ငရဲရဲ့ကောင်းကင်လို ပူလောင်စူးရှနေတဲ့
မနာလိုစွပ်စွဲမှုတွေက တစ်ဘက်နဲ့
အသုဘရှုသူတွေရဲ့ အတင်းအဖျင်းတေးဂီတကို
မင်းဘယ်လိုမှ နားဝင်ချိုလိမ့်မယ်မထင်ဘူး။

အဲဒီတော့…………………
ကိုယ်မှေးစက်စောင့်မျှော်နေတဲ့
နန်းတော်ဖြူအောက်ကို အမြန်သာခိုဝင်
ငြိမ်သက်နေတဲ့ နှလုံးခုန်သံနဲ့ တိတ်တိတ်လေးအိပ်
လွင့်ကြွေခဲ့ပြီးပေမယ့် ရနံ့မပြယ်သေးတဲ့ ပန်းတပွင့်လို
လိပ်ပြာကို လွမ်းနေပစ်လိုက်စမ်းကွယ်။

ချစ်သူရေ……………......
ကဲ့ရဲ့မှုတွေဆိုတာ မိစ္ဆာကောင် ငါးရှဥ့် တွေလိုပါပဲ
မင်းဘက်ကယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ လုံခြုံစေဦးတော့
အသွေးအသားနံ့တွေကျွံထွက်နေတဲ့ ၀င်ပေါက်ကို မရရအောင်ရှာပြီး
အရိုးတေလေသာကျန်တဲ့အထိ သူတို့ မင်းကိုဝိုင်းတွတ်ကြမှာလေ.......

ဒါပေမယ့် အဲဒါကိုက သင်္ချိုင်းရဲ့ ဥပဒေသဆိုတော့
အသွေးအသားတွေကုန်တဲ့အထိ စောဒက မတက်ပဲ
ငြိမ်ငြိမ်လေးထိုင်စောင့် နေရုံကလွဲလို့
ကိုယ်တို့က ဘာများတတ်နိုင်မှာလည်း............

ဘာဖြစ်လည်း…………….
တို့တွေကသေဆုံးပြီးသားဆိုတော့
အဲဒါကိုတွေးပြီး ၀မ်းနည်းနေမယ့်အစား
အုတ်ဂူတွေမှီပြီး ဟားတိုက်လိုက်ကြစို့ကွာ။

ချစ်သူရေ...........
မင်းရင်မှာယုံထားဖို့က
အသွေးအသားမရှိတဲ့
အရိုးတွေထတွန်ပြီဆိုရင်
လှေနံဓါးထစ် အချစ်သင်္ကေတတွေထက်
ပိုပြီးကျယ်လောင်နေတတ်တယ်ဆိုတာ။

တကယ်ဆို အလောင်းကောင်တွေရဲ့ လက်ထပ်ပွဲကို
ဘယ်အသက်ရှုသံတွေကမှ ၀င်မစွက်သင့်ခဲ့တာပေါ့။


ချစ်တယ်

ချစ်တယ်
နင့်ကိုချစ်မိမှ
ငါနဲ့ငါ တော်တော် ဈေးကွာသွားတယ်။

ချစ်တယ်
ကမ္ဘာ့အတော်ဆုံး မျက်လှည့်ဆရာဟာ ငါပဲ။
ငါပြနေတဲ့ မျက်လှည့်ကို
ငါကိုယ်တိုင်တောင် အံ့သြရတယ်။

ချစ်တယ်
ဒီစကားလေးမပြောခင်မှာ
ငါတယောက်တည်း နှစ်ကိုယ်ခွဲ
သူများဦးသွားမှာ ကြောက်တဲ့ကောင်ရယ်
စိတ်ဆိုးသွားမှာ ကြောက်တဲ့ကောင်ရယ်
တကောင်နဲ့ တကောင်
ရန်စောင်လိုက်ကြသေးတယ်။

ချစ်တယ်
အချစ်မှာ
မိုးကြိုးက လျှပ်စီးထက် အရင်လာတယ်။
ငါ့ပန်းပွင့်စကား မိုးကြိုးသွားကို ကြားအပြီးမှာ
သူ့မျက်နှာမှာ ရှက်သွေးတွေစို
အနီရောင် လျှပ်စီးချိုချိုကို ငါငေးလိုက်ရတယ်။

ညီမလေးရယ်
ချစ်တယ်ဆိုတဲ့ စကားကြောင့်
နင့်မျက်နှာ ဘယ်မှာထားရမှန်းမသိရင်
ငါ…မျက်လုံးတွေကိုမှိတ်
အာရုံထဲမှာ ကင်းဗတ်စ တခု ချိတ်လိုက်ပါ့မယ်
နင့်မျက်နှာလေး လာထားဖို့။



ဧည့်သည် (၂)

‘ဆုံစည်းမှု’ ပန်းခင်းတိုင်းရဲ့အောက်မှာ
‘ကွဲကွာမှု’ ချောက်တခု ရှိမှန်းသိလျက်နဲ့
ငါ့ခြေဦးတွေကို အဲဒီ့ဆီ တည့်တည့်
ပြတ်ပြတ်သားသား ဆွဲလှည့်ခဲ့ဖူးတယ်။

Romantic သံပတ် တင်းအားနဲ့
ဟိုး သက်တန့်နားထိ ရောက်အောင်ပျံခဲ့တယ်။
မြင့်လေလေ အကျနာလေလေမှန်း သိလျက်နဲ့။

ခုတော့ ငါ့မျက်နှာဟာ
အချိန်ခန့်မှန်းလို့ ရနိုင်တဲ့နာရီတလုံးပေါ့
တဖြည်းဖြည်းချင်းညှိုး
သြော်…ခွဲခွာခြင်းနာရီ ထိုးတော့မယ်။

ငါ့ဘဝ အခန်းဆက်ဇာတ်လမ်းတွဲမှာ
အပိုင်းတိုင်းဟာ happy ending နဲ့ လွဲခဲ့
ဇာတ်လမ်းအလယ်မှာတင် အကြိမ်ကြိမ်ဇာတ်သိမ်း
“Goal” ဆိုတဲ့ အသံဟာ ငါနဲ့တော်တော်စိမ်းတယ်။

အလွမ်းနှစ်ပေါင်းများစွာ ကွာဝေး
အချိန်ဇယားနဲ့ ငေးရတဲ့ လမင်းလေးပါလား။
အိပ်မက်တွေ တဘဝစာချုံ့ထည့်ထားတဲ့ ရက်စွဲ
ပြက္ခဒိန်ပေါ်က ကျကွဲသွားပြီ။

လျှပ်နှစ်စင်း အငြိ
အပ်နှစ်စင်းလည်း အထိမှာ
ဒုလ္လဘလေးတခုကို တဲတဲလေး ဖမ်းမိခဲ့လည်း…

ခဏဆုံဆည်းခွင့်ဆိုတာ
နေသားကျပြီးထုံနေတဲ့ အထီးကျန်ခြင်းအနာပေါ်ကို
တုတ်လေးတချောင်း ပြုတ်ကျလာခြင်းပါပဲ။

မှောင်မည်းအေးစက်နေတဲ့ မုတ်သုံမှာ
လူတယောက် သူ့စိတ်နဲ့သူ မီးလှုံနေတုန်း
ကောင်းကင်တခွင်မှာ
ညကိုမှောင်နေမှန်း သိသာစေရုံသက်သက်
လျှပ်စီးလေးတချက် မစို့မပို့ လက်လိုက်တော့…
ညဟာ နဂိုကထက်တောင် ပိုမှောင်သွားသလိုလို….

သြော်..
ငါ့ဝိညာဉ်တခြမ်းကို
လေယာဉ်ပျံတစင်းက ပြန်ပေးဆွဲသွားပြီ။

No comments:

Post a Comment

back to top